လေ့ကျင့်ခန်းလုပ်ခြင်းက လိင်စိတ်ဆန္ဒကို မြင့်တက်စေတယ်ဆိုပါလား
ယောက်ျားလေးတွေဆိုတာနဲ့ပဲ၊ အသက်တွေ ကြီးတဲ့အထိ သန်စွမ်းဖျတ်လတ်ပြီး လိင်ကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းနိုင်ဦးမယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လူထဲက လူပဲဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာလည်း အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ရုပ်ခန္ဓာ၊ စိတ်ကျန်းမာရေးကြောင့် လိင်မှုကိစ္စမှာ သက်ရောက်မှုဖြစ်စေပြီး စွမ်းဆောင်နိုင်ရည် ကျဆင်းသွားတတ်ပါတယ်။
ယောက်ျားလေးတွေ ဘယ်အချိန်မှာ လိင်စိတ်တွေ နည်းသွားတတ်တာလဲ။
အမျိုးသားတွေ အသက် (၄၀) နောက်ပိုင်းမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်းများကျဆင်းလာတတ်သလို လိင်မှုကိစ္စမှာလည်း စိတ်သွားတိုင်းကိုယ်မပါတော့တာ၊ လိင်စိတ်နည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒီအသက်အပိုင်းအခြားမှာတော့ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်မှုဟာ တော်တော်လေး နည်းသွားပြီဖြစ်တဲ့အတွက် နေထိုင်စားသောက်မှုပုံစံကို ပြင်ပေးဖို့အပြင် ဆေးကုသမှုအကူအညီပါ လိုအပ်ရင် ရယူသင့်ပါတယ်။
အရွယ်ငယ်သေးတဲ့ လူငယ်အမျိုးသားတွေ အထူးသဖြင့် အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေမှာတော့ ရုပ်နဲ့ ခန္ဓာကျန်းမာရေး၊ နေထိုင်မှုပုံစံ မှားယွင်းခြင်းတို့ကြောင့် လိင်စိတ်နည်းသွားတတ်သလို စိတ်လှုပ်ရှားမှုလွန်ကဲပြီးတော့လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းထဲက တစ်ခုကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ပါပဲ။
လေ့ကျင့်ခန်းလုပ်ရင် လိင်စိတ်များလာတယ်ဆိုတာ ဟုတ်သလား။
အမျိုးသားတွေအနေနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတဲ့အခါ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်း မြင့်တက်လာပါတယ်။ ဒီလိင်ဟော်မုန်း ဒါမှမဟုတ် ကျားဟော်မုန်းဟာ
- အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေတယ်
- လိင်စိတ်ဆန္ဒ မြှင့်တင်ပေးခြင်း
- ကြာရှည်စွာ ထောင်မတ်နိုင်ခြင်း
- သုက်ထိန်းနိုင်စွမ်း စတဲ့ လိင်စွမ်းဆောင်ရည်တွေကို ပိုအားကောင်းလာစေပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ အမျိုးသားတွေအတွက် ဆေးအကူအညီမလိုဘဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ အကောင်းဆုံးနည်းလမ်းလို့ ဆိုရခြင်းပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ကယ်လိုရီတွေ၊ အဆီပိုတွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးသလို လိင်မှုကိစ္စကို အဟန့်အတားဖြစ်စေတဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေနည်းလာရင် ကြွက်သားထုတက်စေဖို့ ကူညီပေးတာကြောင့် အမျိုးသားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ပိုပြီး ကြည့်ကောင်းလာသလို စိတ်ပိုင်းဆိုင်ရာအရလည်း မိမိကိုယ်ကို ယုံကြည်မှုတိုးလာတဲ့အတွက် လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ပါတနာကို လိင်အထွတ်အထိပ်ကို ရောက်စေရန် ပိုမိုစွမ်းဆောင်ပေးပါတယ်။ ရုပ်ခန္ဓာပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် အမျိုးသားတွေမှာ မထင်မှတ်ထားတဲ့ စိတ်မလုံခြုံမှုတစ်ခုကတော့ ကိုယ့်ရဲ့ ငယ်ပါ၊ ခန္ဓာကိုယ်၊ အရပ်အမြင့် စတဲ့ အပြင်ပိုင်းအစိတ်အပိုင်းတွေပေါ် အားမလိုအားမရဖြစ်တဲ့ စိတ်တွေ တော်တော်လေးများနေသေးတဲ့အချက်ပါ။
လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကိုယ့်ရဲ့ သက်လုံသိသိသာသာ ပိုကောင်းလာပြီး အားစိုက်ထုတ်နိုင်လာတာ၊ ဘာမှမလုပ်သေးခင်ကို ငယ်ပါက အဆင်သင့်ဖြစ်နေတာ၊ အိပ်ရာထက်က စွမ်းဆောင်ရည်တွေ ပိုကောင်းလာတာကို ကိုယ်တိုင်မြင်တွေ့ဖန်များလာပြီဆိုရင် ဒီအားငယ်စိတ်တွေလည်း ပျောက်သွားနိုင်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း ဒါမှမဟုတ် အားကစားတစ်ခုကို နေ့စဉ်လိုက်စားတဲ့ အမျိုးသားတွေဟာ သွေးတွင်းအောက်စီဂျင်ဓာတ် ပိုမိုများပြားတဲ့အတွက် ဦးနှောက်ရဲ့ လုပ်ဆောင်မှုမြင့်တက်တယ်။ သွေးလည်ပတ်စီးဆင်းမှုကောင်းလို့ နှလုံးအားကောင်းပြီး အမောခံသက်လုံကောင်းစေတယ်။ ဒါ့အပြင် လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်း မြင့်တက်လာတာကြောင့် လိင်အင်္ဂါကြာမြင့်စွာ ထောင်မတ်နိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကြည့်ကောင်းဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာ အမျိုးသားတွေလည်း သဘောပေါက်လောက်မယ် ထင်ပါတယ်။ အမျိုးသားများ လိင်ကျန်းမာရေးနဲ့ စိတ်၊ ခန္ဓာကျန်းမာရေးအတွက် တစ်ပတ်ကို အနည်းဆုံး ၃ကြိမ်လောက် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပေးဖို့လိုအပ်သလို အစာအာဟာရ၊ အိပ်ချိန်ကို သေချာဂရုစိုက်ဖို့၊ ဆေးလိပ်၊ အရက်များကို လျှော့သောက်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်